ရန်ကုန်၊ ဇွန်လ (၁)ရက်။ ။ မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဘဏ်ဖြစ်သည့် Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ (၅၁) ခုမြောက်ဘဏ်ခွဲတစ်ခုအဖြစ် ကျောက်ဆည် ဘဏ်ခွဲကို ဇွန်လ (၁) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရှိရသည်။
MCB ကျောက်ဆည် ဘဏ်ခွဲသစ်ဖွင့်လှစ်ပွဲသို့ ဖိတ်ကြားထားသော အထူးဧည့်သည်တော်များနှင့်တကွ နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၊ လေးစားတန်ဖိုးထားရသော မိတ်ဟောင်းမိတ်သစ် customer များ၊ MCB ဘဏ်မှ အစုရှယ်ယာရှင်များနှင့် တာဝန်ရှိလူကြီးမင်းများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ၏အဓိကထုတ်ကုန်များဖြစ်သည့် စပါး၊ ကြက်သွန်၊ ငရုတ်၊ ကုလားပဲ အစရှိသော စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်လျက်ရှိသည့် ကျောက်ဆည်ခရိုင်အတွင်းမှ ကုန်သည်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူတစ်ဦးတစ်ယောက်ချင်းစီ၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကို ခေတ်မီသော ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ တိကျလုံခြုံသော ဘဏ္ဍာရေးဆိုင်ရာနည်းပညာများဖြင့် ပံ့ပိုးပေးနိုင်ရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။ ယခုဖွင့်လှစ်လိုက်သော ကျောက်ဆည်ဘဏ်ခွဲသည် မန္တလေးတိုင်းဒေသကြီးအတွင်း MCB ဘဏ်၏ (၉) ခုမြောက်ဘဏ်ခွဲတစ်ခုဖြစ်လာခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အကြီးဆုံးခရိုင်တစ်ခုဖြစ်သည့် ကျောက်ဆည်ခရိုင်တွင် ဘဏ်ခွဲသစ်ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အလွန်ဝမ်းသာဂုဏ်ယူမိကြောင်းနှင့် ဘဏ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အထူးခံစားခွင့်များ ပေးအပ်သွားမည့်အကြောင်းကို MCB ဘဏ်၏ Acting CEO ဖြစ်သူ Mr. BHESH RAJ KHATIWADA မှ “ကျွန်တော်တို့ရဲ့ ကျောက်ဆည်ဘဏ်ခွဲသစ်ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာစတင်ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပေးအပ်သွားတော့မှာဖြစ်ပါတယ်။ စတင်ဖွင့်လှစ်တဲ့နေ့မှစပြီး ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေဖြစ်တဲ့ အပ်ငွေအမျိုးအစားအားလုံး၊ နိုင်ငံခြားငွေလွှဲအမျိုးမျိုး၊ စီးပွားရေးလုပ်ငန်းနှင့် တစ်ကိုယ်ရေသုံးချေးငွေအမျိုးအစားများ၊ သွင်းကုန်၊ ထုတ်ကုန်ပေးချေမှုများ၊ မိုဘိုင်းလ်နဲ့ အင်တာနက်စနစ်သုံးပေးချေမှုများ၊ ကတ်များ အစရှိတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကျတော်တို့ရဲ့ ဘဏ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ကျွန်တော်တို့ရဲ့ ထုတ်ကုန်အချို့နဲ့ ဝန်ဆောင်မှုအချို့တို့ကိုလည်း ဘဏ်ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် အခမဲ့ ဝန်ဆောင်မှုပေးသွားဦးမှာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောက်ဆည်ခရိုင်နဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးများနဲ့ ဒေသခံများအတွက် ပိုမိုကောင်းမွန်ပြီး လွယ်ကူလျင်မြန်တဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်။ လူကြီးမင်းတို့စိတ်တိုင်းကျ စီမံခန့်ခွဲနိုင်မယ့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို တွေ့ကြုံခံစားနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကျောက်ဆည်ဘဏ်ခွဲကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank - MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပယ်တွင် နှစ်ပေါင်း (၃၁) နှစ်ကြာ သက်တမ်းအရှည်ကြာဆုံးဘဏ်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရပ်တည်ထားနိုင်ပြီး သုံးစွဲသူမိဘပြည်သူများ၏ ယုံကြည်မှုကို အခိုင်အမာရရှိထားသည့် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်း ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံကြွယ်ဝသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၅၁ ဘဏ်၊ ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။ အခြားသောသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။