၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်
မြန်မာနိုင်ငံသားများဘဏ်လီမိတက် (Myanmar Citizens Bank - MCB) နှင့် Capital Taiyo Life Insurance Company (CTLI) တို့သည် Bancassurance Agreement အား ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ (၃၇) လမ်းရှိ MCB ဘဏ်၏ ရုံးချုပ်၌ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့တွင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပါသည်။
အဆိုပါသဘောတူညီချက်စာချုပ်လက်မှတ်ရေးထိုးချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် CTLI ၏ အာမခံဝန်ဆောင်မှုထုတ်ကုန်များကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ MCB ဘဏ်၏ ဘဏ်ခွဲပေါင်း (၅၀) တွင် ဝယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။ MCB ဘဏ်၏ Customer များသည် အသက်အာမခံဝန်ဆောင်မှုများကို MCB ဘဏ်၏ကောင်တာများ၌ဖြစ်စေ၊ အွန်လိုင်းမှတဆင့်ဖြစ်စေ အလွယ်တကူဝယ်ယူနိုင်မည်ဖြစ်ပြီး အာမခံပရီမီယံကြေးများကိုလည်း အလွယ်တကူ ပေးဆောင်နိုင်မည်ဖြစ်ပါသည်။ အာမခံဝန်ဆောင်မှုထုတ်ကုန်များဖြစ်သော အသက်အာမခံ၊ Endowment Life Insurance၊ ကျန်းမာရေးအာမခံ၊ Group Life Insurance နှင့် တစ်ကိုယ်ရေမတော်တဆမှုဆိုင်ရာအာမခံ စသည့် အာမခံဝန်ဆောင်မှုထုတ်ကုန်များကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။
လက်ရှိမြန်မာနိုင်ငံတွင် အသက်အာမခံထားရှိသူဦးရေသည် နိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းခန့်သာရှိသည်။ မြန်မာနိုင်ငံတွင် အသက်အာမခံထားရှိသည့် လူဦးရေသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နည်းပါးနေပြီး အဆိုပါအချက်မှာ အသက်အာမခံဝန်ဆောင်မှုထုတ်ကုန်များအား ပိုမိုရောင်းချနိုင်ရန် အခွင့်အလမ်းကောင်းများရှိနေသည်ဟု ဖော်ပြနေခြင်းပင်ဖြစ်ပါသည်။ Bancassurance ဆိုသည်မှာ ဘဏ်၏ လက်ရှိဝန်ထမ်းအင်အားဖြင့် အာမခံဝန်ဆောင်မှုများကို ရောင်းချရန်နှင့် Customer များကို ထပ်တိုးဝန်ဆောင်မှုပေးနိုင်ရန်အတွက် အကောင်းဆုံးဖြေရှင်းနည်းလမ်းများအနက် တစ်ခုဖြစ်ပါသည်။
MCB ဘဏ်သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖွင့်လှစ်ခဲ့သည့် ဘဏ်တစ်ခုဖြစ်ပြီး Yangon Stock Exchange ၌ စာရင်းသွင်းထားသည့် ဘဏ်နှစ်ခုအနက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် အခြားဘဏ်များနှင့်အတူ ယှဥ်ပြိုင်နိုင်စွမ်းရှိပြီး ပိုမိုဆန်းသစ်တီထွင်ထားသော နည်းလမ်းများဖြင့် ခေတ်နှင့်လျှော်ညီသော ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုထုတ်ကုန်များကို ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ Capital Taiyo Life Insurance သည် ဂျပန်နိုင်ငံရှိ Taiyo Life Insurance Company နှင့် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိပ်တန်းအသက်အာမခံကုမ္ပဏီများအနက် တစ်ခုဖြစ်ပါသည်။
အာမခံဝန်ဆောင်မှုများသည် မိသားစု၏ အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့်အပြင် ငွေစုဆောင်းခြင်းအလေ့အထကို မွေးမြူပေးနိုင်ပြီး မျှော်လင့်မထားသော ကိစ္စရပ်များကြောင့် ငွေကြေးဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကူညီပေးနိုင်မည်ဖြစ်ပါသည်။