09 Feb 2023

ဖျာပုံဘဏ်ခွဲသစ်ဖွင့်လှစ်ခြင်းအခမ်းအနား

ရန်ကုန်၊ ဖေဖော်ဝါရီ ၈ ရက်။      ။ Myanmar Citizens Bank – MCB ဘဏ်သည် ၄င်းတို့၏ ၄၉ ခုမြောက်ဘဏ်ခွဲတစ်ခုအဖြစ် ဖျာပုံဘဏ်ခွဲကို ဖေဖော်ဝါရီလ ၇​ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးရှိ ဖျာပုံမြို့တွင်ဖွင့်လှစ်ခဲ့ပြီး ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများကို စတင်ပေးအပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း MCB ဘဏ်၏ ၄ ခုမြောက်ဘဏ်ခွဲတစ်ခုဖြစ်လာသည့် ဖျာပုံဘဏ်ခွဲဖွင့်လှစ်ပွဲကို ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်တကွ နယ်ပယ်အသီးသီးမှ စီးပွါးရေးလုပ်ငန်းရှင်များ၊ လေးစားတန်ဖိုးထားရပါသော customer များနှင့်၊ MCB ဘဏ်မှ တာဝန်ရှိလူကြီးမင်းများ တက်ရောက်ခဲ့ကြပါသည်။

ဆန်စပါးနှင့် ပဲစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချခြင်းသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး ဆန်စပါးနှင့် ပဲကို အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းဒေသကြီးအတွင်း အချက်အချာကျသည့် ဖျာပုံမြို့တွင် ဘဏ်ခွဲအသစ်ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် အလွန်ဝမ်းသာဂုဏ်ယူမိကြောင်းကို MCB ဘဏ်၏ Acting CEO ဖြစ်သူ Mr. BHESH RAJ KHATIWADA မှ “ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျွန်တော်တို့ MCB ဘဏ်ရဲ့ ဘဏ်ခွဲ ၄ ခုမြောက်အဖြစ် ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် အထူးပဲ​ဝမ်းသာဂုဏ်ယူမိပါတယ်။​ ဒီဧရာဝတီတိုင်းဒေသကြီးအတွင်းမှာရှိနေတဲ့ နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သွယ်မှုဆိုင်ရာစီးပွားရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများမှစပြီး ကော်ပိုရိတ်စီးပွားရေးလုပ်ငန်းကြီးများ၊​ အလွှာအသီးသီးမှ သုံးစွဲသူ customer များအတွက် ပိုမိုကောင်းမွန်မြန်ဆန်ပြီး ယုံကြည်စိတ်ချရတဲ့ ဘဏ်လုပ်ငန်းဆိုင်ရာထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ပေးအပ်သွားမှာဖြစ်ပါတယ်။​ MCB ဘဏ်ဟာ ရေရှည်တည်တံ့ခိုင်မာပြီး စိတ်ချယုံကြည်ရတဲ့အပြင် ပိုမိုကောင်းမွန်ပြီး စစ်မှန်တဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိတဲ့ ဘဏ်တစ်ခုဖြစ်တာကြောင့် ဖျာပုံမြို့နယ်နဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ သုံးစွဲသူ customer များကို MCB ဖျာပုံဘဏ်ခွဲသို့ လာရောက်ရယူဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။” ဟု ပြောကြားခဲ့ပါသည်။​

၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော Myanmar Citizen Bank - MCB သည် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနယ်ပါယ်တွင် နှစ်ပေါင်း (၃၀) ကြာ ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပြီး သုံးစွဲသူမိဘပြည်သူများ၏ ယုံကြည်မှုကို အခိုင်အမာရရှိထားသည့် သက်တမ်းအရင့်ဆုံးဘဏ်တစ်ခုဖြစ်ပါသည်။ ထို့အပြင် MCB ဘဏ်သည် မြန်မာနိုင်ငံနှင့် အာရှပစိဖိတ်ဒေသအတွင်း ဘဏ်လုပ်ငန်းနှင့်စီးပွားရေးအတွေ့အကြုံကြွယ်ဝလှသည့် အကြီးတန်းစီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒါရိုက်တာအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်ကွပ်ကဲမှုနှင့်အတူ မြန်မာနိုင်ငံတစ်ဝှမ်း ဘဏ်ခွဲပေါင်း ၄၉ ဘဏ်၊​ ဘဏ်လုပ်ငန်းကျွမ်းကျင်ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော်ဖြင့် အကောင်းဆုံးဝန်ဆောင်မှုများကို ဘက်စုံ၊ ကဏ္ဍစုံမှ တက်ကြွစွာပေးအပ်လျက်ရှိသည့် ဘဏ်တစ်ခုဖြစ်ပါသည်။

အခြားသောသတင်းအချက်အလက်များ ထပ်မံသိရှိလိုပါက https://www.mcb.com.mm တွင်ဝင်ရောက် ကြည့်ရှု နိုင်ပါသည်။

အသေးစိတ်အချက်အလက်များအတွက် ဆက်သွယ်ရန်

- ၀၁ ၈၃၈၆၀၂၂

[email protected] (စျေးကွက်နှင့်ဆက်သွယ်ရေးဌာန)

Related News